ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခရီးစဉ်လေးတွေ (2024 Update)


ဘန်ကောက်ကနေ ကန်ချနပူရီမြို့ကို ကားနဲ့သွားမယ်ဆိုရင် ၂ နာရီခွဲ ၃ နာရီခရီးလောက်သာ သွားရတာမို့ ထိုင်းနိုင်ငံကို အလည်လာတုန်း ကန်ချနပူရီမြို့ကို နေ့ချင်းပြန်အလည် ခရီးသွားချင်တယ်ဆိုရင် သွားလို့ရပါတယ် ။ ကန်ချနပူရီမြို့ကို နေ့ချင်းပြန်အလည် ခရီးသွားဖို့ စဉ်းစားထားမယ်ဆိုရင်တော့ တစ်ရက်စာ ကားစင်းလုံးဌားပြီး သွားတာက အသင့်တော်ဆုံးပါပဲ ၊ ကန်ချနပူရီမြို့နဲ့ အနီးတဝိုက်မှာက လည်ပတ်စရာနေရာတွေ များလွန်းတာမို့ မသွားခင် ကိုယ်သွားချင်တဲ့နေရာလေးတွေကို စာရင်းလုပ်ထားပြီး တစ်ရက်စာ ကားစင်းလုံးဌားသွားဖို့ အကြံပေးပါရစေ ။ ကားခနှုန်းထားတွေက ဘတ် ထောင်ကဏန်း ရှိတာမို့ မိသားစုတွေ သူငယ်ချင်းတွေ စုပြီးသွားဖြစ်ရင် ပိုပြီးတော့ တန်ပါတယ်။


ဘန်ကောက်ကနေ ကန်ချနပူရီထိကို ရထားနဲ့ အလည်သွားမယ်ဆိုရင်တောာ့ စနေ တနင်္ဂနွေနေ့တိုင်းမှာ ထိုင်းအစိုးရကစီစဉ်တဲ့ Tour Train ရထားကို စီးပြီးတော့ သွားလို့ရပါတယ် ၊ ဒီခရီးစဉ်က မနက်ခြောက်နာရီခွဲ ဘန်ကောက်ကနေစထွက်ပြီးတော့ ၊ ည ၇ နာရီခွဲ ၈ နာရီလောက်မှာ ဘန်ကောက်ကို ပြန်ရောက်ပါတယ် ၊ ရထားနဲ့ သွားရတဲ့ လမ်းခရီးတစ်လျှောက်မှာ Nakhon Pathom မြို့က ထိုင်းနိင်ငံမှာ အကြီးဆုံး စေတီ ၊ River Kwai တံတား ၊ Sai Yok Noi ရေတံခွန် နဲ့ ကန်ချနပူရီမြို့တွေမှာ ရထားရပ်ပေးပြီးတော့ လည်ပတ်ဖို့ အချိန်ပေးထားသလို ၊ နာမည်ကျော် သေမင်းတမန် တံတားပေါ်ကနေ ရထားဖြတ်ချိန်တွေဟာလည်း ခရီးစဉ်မှာ မေ့မရနိုင်တဲ့ အမှတ်တရတွေ ဖြစ်လာနိုင်မယ့် ခရီးစဉ်ပါ ။
**ဘန်ကောက်ကနေ ကန်ချနပူရီကို နေ့စဉ်ပုံမှန်ရထားလည်း ရှိပေမယ့် နေ့ချင်းပြန်ခရီးသွားဖို့အတွက်ကတော့ ရထားနဲ့က အဆင်မပြေပါဘူး ။ **


ဘန်ကောက်ကနေ အနီးဆုံးကမ်းခြေကတော့ Bang Saen ကမ်းခြေပဲ ဖြစ်ပါတယ်ခင်ဗျ ၊ ဘန်ကောက်ကနေ ကိုယ်ပိုင်ကား သို့မဟုတ် ကားစင်းလုံးဌားသွားမယ်ဆိုရင် တစ်နာရီခွဲလောက် မောင်းတာနဲ့ Bang Saen ကို ရောက်မှာ ဖြစ်ပါတယ် ။ Van ကားနဲ့သွားမယ်ဆိုရင်တော့ ၂ နာရီ ခန့် ကြာမှာ ဖြစ်ပြီး ၊ ရထားနဲ့ သွားမယ်ဆိုရင်တော့ ၃ နာရီခန့် ကြာနိုင်ပါတယ်။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
Bang Saen မှာက Bang Saen ကမ်းခြေက နာမည်ကြီးပေမယ့် ထိုင်းလူမျိုးတွေပဲ အသွားများတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ် ၊ အထူးသဖြင့်တော့ ဘန်ကောက်ကလူတွေဟာ Bang Saen ကမ်းခြေကို ပိတ်ရက်တွေမှာ မိသားစုနဲ့ အတူသွားလေ့ ရှိကြပါတယ် ၊ Bang Saen မှာက ကမ်းခြေတစ်ခုထဲ ရှိတာမျိုး မဟုတ်ပဲ ဓါတ်ပုံရိုက်လို့လည်းလှ ကလေးတွေကို လိုက်ပို့ပေးဖို့လည်း သင့်တော်တဲ့ Bang Saen Aquarium ငါးပြတိုက် ၊ ငါးဈေး အပါအဝင် အခြားသော လည်ပတ်စရာနေရာတွေ အများကြီး ရှိပါတယ် ၊ ညအိပ်စရာမလိုပဲ သက်သောင့်သက်သာ လည်ပတ်ဖို့ နေရာရှာနေရင်တော့ Bang Saen က သင့်တော်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်ဗျ။


ဘန်ကောက်ကနေ ပတ္ထယားက ကားနဲ့သွားမယ်ဆိုရင် ၂ နာရီ ၂ နာရီခွဲလောက်ပဲ မောင်းရတာမို့ နေ.ချင်းပြန်ခရီးသွားချင်တယ်ဆိုရင် ပတ္တယားမြို့နဲ့ ပတ္တယားကမ်းခြေဟာလည်း စဉ်းစားသင့်ပါတယ် ။ ပတ္တယားမြို့ မှာက ကမ်းခြေအပြင် အခြားလည်ပတ်စရာ နေရာတွေလည်း အများကြီးရှိသေးတာမို့ မသွားခင်မှာ ဘယ်နေရာတွေ လည်ပတ်မယ်ဆိုတာ ကြိုပြီးလေ့လာသွားသင့်ပါတယ် ၊ လက်မှတ်ကြိုဝယ်ပြီးမှ လည်လို့ရမယ့်နေရာတွေဆိုလည်း လက်မှတ်ကြိုဝယ်သွားပါ။
ဘန်ကောက် – ပတ္တယားကို တစ်ရက်စာ ကားစင်းလုံးဌားပြီးတော့ ကိုယ်အလည်သွားချင်တဲ့နေရာတွေကို စိတ်ကြိုက်သွားလို့ရသလို ၊ ဘန်ကောက်က ကားဝင်တွေကနေ Van ကား ၊ Express ကားတွေ စီးပြီးတော့လည်း သွားလို့ရပါတယ် ၊ လိုင်းကားတွေနဲ့ သွားမယ်ဆိုရင်တော့ ပတ္တယားရောက်တဲ့အခါ ကိုယ်သွားချင်တဲ့နေရာတွေကို Grab , Bolt တို့လို Taxi app တွေကနေ ကားဌားပြီး ဆက်သွားလို့ရပါတယ် ။
ဘန်ကောက်ကနေ ပတ္တယားကို နေ့စဉ် ထွက်ပေးတဲ့ ရထားရှိပြီး ဈေးလည်း သက်သာပေမယ့် အသွားရော အပြန်ရောအတွက် ရထားစီးမယ်ဆိုရင်တော့ ပတ္တယားမှာ လည်ပတ်ဖို့ အချိန် အနည်းငယ်ပဲရပါလိမ့်မယ်။


ဘန်ကောက်ကနေ ပတ္တယားကို သွားရတာ ရိုးနေပြီ ဒါမှမဟုတ် ရေအရမ်းလှတဲ့ ကမ်းခြေမှာ ရေကစားချင်တယ် ၊ Water Activity တွေလည်း လုပ်ချင်တယ်ဆိုရင်တော့ ပတ္တယားမြို့ကနေ Ferry Boat ဒါမှမဟုတ် Speed Boat စီးပြီး သွားလို့ရတဲ့ Koh Larn ကျွန်းကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်သင့်ပါတယ် ၊ ဘန်ကောက်ကနေ တစ်ရက်တာ အချိန်ပေးပြီး သွားရောက်လည်ပတ်ဖို့ တကယ်ကို ထိုက်တန်တဲ့ ကျွန်းလေးပါ။


ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို.တွေထဲက တစ်ခုဖြစ်တဲ့ အယုဒ္ဓယမြို့ဟာ တစ်နာရီခွဲဝန်းကျင်လောက်ပဲ ဘန်ကောက်ကနေ သွားရတာမို့ နေ.ချင်းပြန် ခရီးစဉ်အဖြစ် စဉ်းစားသင့်တဲ့ မြို.ပါ ။ အယုဒ္ဓယမြို့ကို တစ်ရက်စာ ကားစင်းလုံးဌားပြီးတော့ သွားလို့ ရသလို ၊ ရထားစီးပြီးတော့လည်း အလွယ်တကူ သွားလို့ရပါတယ်။ ကားစင်းလုံးဌားသွားမယ်ဆိုရင်တော့ ဘတ်ထောင်နဲ့ ချီပေးရမှာဖြစ်ပြီး အယုဒယမြို့က လည်ပတ်စရာနေရာတွေ အားလုံးနီးပါးကို တစ်နေ့တည်းနဲ့ အရောက်သွားနိုင်ပါလိမ့်မယ် ။
ရထားနဲ့ သွားရင်တော့ ကိုယ်စီးဖြစ်တဲ့ ရထားပေါ်မူတည်ပြီးတော့ ဘတ် ဆယ်ကဏန်းကနေ ရာကဏန်းလောက်ပဲ ပေးရမှာ ဖြစ်ပါတယ် ၊ အယုဒ္ဓယမြို့ကိုရောက်ပြီးရင်လည်း ရထားဘူတာအပြင်ဖက်က တုတ်တုတ်တွေကို တစ်နာရီ ဘယ်လောက်ဆိုပြီး ဌားစီးလို့ရပါတယ် ၊ ပုံမှန်အားဖြင့် တုတ်တုတ်ဌားခတွေက တစ်နာရီကို ဘတ် ၂၀၀ ကနေ ၃၀၀ ကြားပေးရပြီး ဈေးညှိလို့ရပါတယ် ။ နာရီအကြာကြီးယူဖြစ်လေ ဈေးဆစ်လို့ ကောင်းလေပါပဲ ၊ ၄ နာရီ ၅ နာရီလောက် တုတ်တုတ်ဌားပြီးလည်ပတ်ရင် အယုဒယမြို.က လည်ပတ်စရာတွေ အားလုံးနီးပါးကို အရောက်သွားနိုင်ပါတယ်။


ဘန်ကောက်ကနေ Makelong ရထားဈေးကို အလည်သွားကြတဲ့ နိုင်ငံခြားသား ခရီးသည်တွေ နေ့စဉ်ရှိပါတယ် ၊ ထိုင်းနိုင်ငံကို အလည်ရောက်ပြီဆိုရင် မသွားမဖြစ် သွားကြလည်ကြတဲ့ နေရာတွေထဲမှာ ရေပေါ်ဈေးတွေကလည်း တစ်ခု အပါအဝင်ဖြစ်တာမို့ Maeklong ရထားဈေးကို သွားပြီးရင် ရထားဈေးနားက ရေပေါ်ဈေးတွေကို အလည်ဆက်သွားလို့ရပါသေးတယ်။
အဲ့ဒီထဲကမှ Makelong ရထားဈေး နဲ့ မနီးမဝေးမှာ damnoen saduak ရေပေါ်ဈေးနဲ့ Amphawa ရေပေါ်ဈေးတွေက နာမည်အကြီးဆုံးပါပဲ။ Makelong ရထားဈေးကို သွားကြတဲ့ Day Trip Tour တွေကလည်း Makelong ရထားဈေးနဲ့ ရေပေါ်ဈေး ၂ ခုထဲက တစ်ခုကို ပို့ပေးတဲ့ ခရီးစဉ်တွေ ရှိကြပါတယ် ၊ ဒီခရီးစဉ်တွေမှာတော့ တစ်ယောက်ကို ဘတ် ၁၀၀၀ ဝန်းကျင်ပေးရပါတယ် ။ ရထားစီးပြီး ကိုယ့်ဘာသာ သွားမယ်ဆိုရင်တော့ ဒီနေ.ချင်းပြန်ခရီးအတွက် ခရီးစရိတ် ဘတ် ၁၀၀ လောက်ပဲ ပေးရပါတယ်။


ဘန်ကောက်မြို့နဲ့ အနီးဆုံး ရေပေါ်ဈေးတွေဆိုရင်တော့ တာလင်ချန်းခရိုင်ထဲက ရေပေါ်ဈေးတွေကိုပဲ ညွှန်းပေးရပါမယ်ဗျ ၊ ဒီထဲမှာ Taling Chan Floating Market ရေပေါ်ဈေးနဲ့ Khlong Lat Mayom Floating Market ရေပေါ်ဈေးတွေက နာမည်ကြီးပါတယ် ၊ Taling Chan ရေပေါ်ဈေးဆိုရင် မြန်မာတွေ အတည်းများတဲ့ ပတူနမ်ကနေ လိုင်းကားစီးသွားရုံနဲ့ ရောက်နိုင်ပါတယ် ။ MRT စီးပြီးတော့လည်း Taxi ထပ်ဌားစီးတာ ဒါမှမဟုတ် စနေတနင်္ဂနွေနဲ့ ကြုံကြိုက်ခဲ့ရင် ရေပေါ်ဈေးတွေဆီ အခမဲ့ ပြေးဆွဲတဲ့ Shuttle Bus လေးတွေ စီးပြီးတော့ အလည်သွားတာမျိုးလည်း လုပ်လို.ရပါတယ် ။ ဒီခရီးစဉ်လေးကတော့ တစ်နေကုန်အချိန်ပေးစရာမလိုပဲ နေ့တစ်ဝက် အချိန်ပေး လည်ပတ်ရင်ပဲ အဆင်ပြေပါပြီ ။


ဘန်ကောက်ကနေ ဟွာဟင်းမြို.လေးက ကားနဲ့သွားမယ်ဆိုရင် ၃ နာရီကျော်လောက်သွားရပြီး ရထားနဲ့ သွားမယ်ဆိုရင်တော့ လေးနာရီလောက်သွားရတာမို့ နေ.ချင်းပြန်ခရီးသွားချင်တယ်ဆိုရင် သွားလို့ရတဲ့နေရာလေးပါ ။ ဟွာဟင်းမြို့နဲ့ အနီးတဝိုက်မှာက ဟွာဟင်း ကမ်းခြေအပါအဝင် အခြား ကမ်းခြေတွေလည်း အများအပြားရှိသလို ၊ အလည်အပတ် သွားစရာနေရာတွေ အများကြီးရှိပါတယ် ။ သွားလည်မယ်ဆိုရင်တော့ တစ်ရက်စာ ကားစင်းလုံးဌားသွားတာက ပိုအဆင်ပြေပါတယ် ။ ဟွာဟင်းကို သွားတဲ့ ရထားတွေ Bus တွေလည်း ရှိပေမယ့် Busတွေရထားတွေနဲ့ သွားပြီး လည်မယ်ဆိုရင်တော့ တစ်ညအိပ်ခရီးက ပိုအဆင်ပြေပါတယ်။


စနေ ၊ တနင်္ဂနွေနဲ့ အစိုးရ ရုံးပိတ်ရက်တိုင်းမှာ ဘန်ကောက်ကနေ ဟွာဟင်းမြို.အနီးက Suan Son Pradipat Beach ဆိုတဲ့ ကမ်းခြေကို ထိုင်းအစိုးရ ရထားဝန်ကြီးဌာနက ပြေးဆွဲတဲ့ Tour Train တစ်စီး ထွက်ပါတယ် ၊ ရထားက မနက် ၆ နာရီခွဲမှာ ဘန်ကောက်ကနေ ထွက်ပြီးတော့ ၊ ဘန်ကောက်ကို ည ကိုးနာရီခွဲဝန်းကျင်မှာ ပြန်ရောက်ပါတယ် ။ ဒီရထားစီးပြီးသွားမယ်ဆိုရင်တော့ ဟွာဟင်း ဖက်ကို ကုန်ကျစားရိတ် ဘတ် ၁၂၀ တည်းနဲ့ နေ့ချင်းပြန်သွားလို့ ရပါတယ်။
အခု ကျွန်တော်ပြောပြပေးသွားတဲ့ ခရီးစဉ်လေးတွေက ကျွန်တော်ကိုယ်တိုင် သွားခဲ့ဖူးတဲ့ ခရီးစဉ်လေးတွေပေါ် တည်မှီပြီး ရေးပေးထားတာ ဖြစ်ပါတယ် ၊ ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ ရတဲ့ အခြားနေရာတွေ အများကြီးရှိပါသေးတယ် ၊ နောက်ပိုင်းကိုယ်တိုင်သွားပြီးရင် ဆက်လက်တင်ပြပေးသွားပါဦးမယ်ဗျ။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.