မိုချစ်ကားဝင်း (Mo Chit): ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းသို့ သွားရာ အဓိကကားဝင်း

မိုချစ်ကားဝင်း (Mo Chit): ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းသို့ သွားရာ အဓိကကားဝင်း

ထိုင်းနိုင်ငံကို အလည်လာရင်ပဲ ဖြစ်ဖြစ် ၊ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် နေထိုင်တာပဲ ဖြစ်ဖြစ် အဝေးပြေးကားတွေ စီးပြီးတော့ ခရီးဝေးတွေ သွားဖို့ ကြုံရနိုင်ပါတယ် ၊ ဘန်ကောက်မှာဆိုရင် ထိုင်းနိုင်ငံအနှံကို ပြေးဆွဲတဲ့ အဝေးပြေး ကားဝင်းကြီး ၃ ခုထိ ရှိပြီးတော့ ၊ အခြားသော ကားဂိတ်အသေးလေးတွေ ၊ ဗန် (Van) ကားဂိတ်တွေလည်း အများအပြားရှိပါတယ် ၊ အဲ့ဒီထဲကမှ ဘန်ကောက်ရဲ့ အဓိက ကားဝင်းတွေထဲက တစ်ခု ဖြစ်တဲ့ Mochit ကားဝင်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Mochit ကားဝင်းဆိုတာ

Mochit ကားဝင်းကို Mo Chit 2 လို့ သိကြသလို ၊ Chatuchak Bus Terminal လို့လည်း အမျိုးမျိုး ခေါ်ကြပြီး ဘန်ကောက်ရဲ့ အကြီးဆုံးနဲ့ အရေးပါဆုံး ကားဝင်းဖြစ်ပါတယ်။ ကားဝင်းကတော့ Chatuchak ခရိုင် ၊ Kamphaeng Phet 2 လမ်းမပေါ်မှာ တည်ရှိပါတယ်။

Mochit ကားဝင်းကနေ ထိုင်းနိုင်ငံအနှံကို သွားတဲ့ အဝေးပြေးကားတွေ စီးနိုင်တဲ့အပြင် လာအိုနဲ့ ကမ္ဘောဒီးယားက အချို့မြို့တွေအထိ သွားတဲ့ ခရီးစဉ်တွေကိုလည်း ဒီကနေ စီးပြီးတော့ ခရီးသွားလို့ ရနိုင်ပါတယ် ။ Mochit ကားဝင်းကို Norther Bus Terminal လို့ သတ်မှတ်ထားပြီး ထိုင်းနိုင်ငံ မြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်းကမြို့တွေကို ပြေးဆွဲတဲ့ ကားလိုင်းအများစုရှိပြီး ၊ ထိုင်းနိုင်ငံ အလယ်ပိုင်း ၊ အရှေ့ပိုင်းနဲ့တောင်ပိုင်းကို သွားတဲ့ ကားအနည်းငယ်ရှိပါမယ်။

ကားဝင်းက ဘယ်အချိန်ထိ ဖွင့်လဲ ?

ကားဝင်းဟာ ၂၄ နာရီလုံး ဖွင့်တယ်ဆိုပေမယ့် ကားလိုင်းရဲ့ လက်မှတ်အရောင်းကောင်တာတွေဟာ ယာဉ်လိုင်းတစ်ခုချင်းရဲ့ နောက်ဆုံးကား ထွက်သွားပြီးချိန်ထိပဲ ဖွင့်ပါတယ် ၊ ယာဉ်လိုင်းအများစုဟာလည်း ည ၉ နာရီဝန်းကျင်ထိပဲ ကားတွေ ပြေးဆွဲလေ့ ရှိပါတယ် ။

မနက် အစောပိုင်း ၅ နာရီလောက်ကနေ ည ၉ နာရီလောက်ထိပဲ ကားတွေ ပြေးဆွဲပြီး ၊ ကျန်တဲ့ ညပိုင်း အချိန်တွေမှာတော့ Mochit ကားဝင်းကို အခြားမြို့တွေကနေ ဆိုက်ရောက်လာတဲ့ ကားတွေမှာ ပါလာမယ့် ခရီးသည်တွေလောက်ပဲ ရှိပါမယ် ။ 7 Eleven လို စတိုးဆိုင်တွေကတော့ ကားဝင်းမှာ ၂၄ နာရီလုံး ဖွင့်ထားပေးပါတယ်။

Mochit ကားဝန်းကနေ အဓိက စီးနိုင်မယ့် မြို့များ

ထိုင်းနိုင်ငံ မြောက်ပိုင်း >> ချင်းမိုင် ၊ ချင်းရိုင် ၊ မယ်ဆိုင် ၊ မဲဆောက် ၊ ဆူကိုထိုင်း ၊ Lampang

ထိုင်းနိုင်ငံ အလယ်ပိုင်း >> အယုဒယ ၊ Lopburi ၊ ကန်ချနပူရီ ၊

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း >> Nakhon Ratchasima (Korat) ၊ Khon Kaen ၊ Udon Thani

ထိုင်းနိုင်ငံ အရှေ့ပိုင်း >> ပတ္တယား ၊ Rayong ၊ Trat

ထိုင်းနိုင်ငံတောင်ပိုင်း >> Hua Hin ၊ ဖူးခက် ၊ ခရာဘီ ၊ ဆူရာဌာနီ (ကော့စမွေ ၊ ကော့ဖငန်) ၊ Hat Yai

နိုင်ငံတကာ >> Cambodia (Phnom Penh, Siem Reap, Aranyaprathet) ၊ Laos (Vientiane, Pakse)

အခုကျွန်တော်ဖော်ပြပေးခဲ့တာက ထိုင်းနိုင်ငံထဲက ထင်ရှားပြီး အသွားအလာများတဲ့ မြို့တွေကိုသာ ဖော်ပြပေးခဲ့တာပါ။ Mochit ကားဝန်းကနေ အခြားသော မြို့တွေ နေရာတွေကိုလည်း ရောက်ရှိနိုင်ပါတယ်။

Minivan Terminal
Mochit ကားဝင်းရဲ့ ကားလမ်းတစ်ဖက်ခြမ်းမှာပဲ Mochit New Van Terminal ဆိုတဲ့ အမည်နဲ့ Van ၊ Munibus တွေစီးလို့ရတဲ့ ကားဝင်းတစ်ခု ရှိပါသေးတယ် ။ ဘန်ကောက်ကနေ ၂ နာရီ မှ ၄ နာရီဝန်းကျင်လောက်ပဲ ကားစီးရုံနဲ့ ရောက်တဲ့ မြို့တွေကို Van ကားတွေစီးပြီးတော့ ခရီးသွားနိုင်ပါတယ် ၊ ကားဝင်းကြီးမှာက Express ကားကြီးတွေပဲ ရှိမှာဖြစ်ပြီး Van ကားဝင်းမှာတော့ ကားအသေးလေးတွေ စီးနိုင်ပါတယ်။

ကားဝင်းအတွင်းမှ ဝန်ဆောင်မှုများ

ကားဝင်းထဲမှာ တွေ့ရမယ့် ဝန်ဆောင်မှုတွေအကြောင်းကို ဆက်လက်ပြီးတော့ ဖော်ပြပေးလိုက်ပါတယ်။ ကားဝင်းအတွင်းပိုင်း အဆောက်အဦးထဲမှာ ခရီးသည်များ နားနေဖို့ ထိုင်ခုံများစွာ အလုံအလောက်ရှိပြီး ၊ ခရီးသည်စောင့်ဆိုင်းနေရာဟာ အဲကွန်းတွေတပ်ဆင်ထားတာမို့ အတော်လေးကို အဆင်ပြေပါတယ်။

၁ . လက်မှတ်အရောင်းကောင်တာ

Mochit ကားဝင်းကိုရောက်တဲ့အခါမှာ ဝင်ဝင်ချင်း မြေညီထပ်မှာ ကားလက်မှတ် အရောင်းကောင်တာတွေကို တွေ့ရမှာ ဖြစ်ပါတယ် ၊ အခုမြေညီထပ်က အရောင်းကောင်တာတွေကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းအပါအဝင် ထိုင်းနိုင်ငံ အနှံက မြို့တွေကို သွားဖို့ လက်မှတ်ဝယ်ယူနိုင်တဲ့ ကောင်တာတွေပါ ။

ဒီကောင်တာတွေဟာ ကားလိုင်းတစ်ခုချင်းဆီက ဖွင့်ထားတဲ့ ကောင်တာတွေဖြစ်ပြီးတော့ ၊ ကောင်တာအရှေ့မှာ ပြေးဆွဲပေးတဲ့ မြို့နာမည်တွေနဲ့ လက်မှတ်စျေးနှုန်းတွေကို ဖော်ပြပေးထားပါတယ် ။ ကိုယ်စီးချင်တဲ့ကားလိုင်းကို ရွေးချယ်ပြီး မြို့နာမည်မေးကာ လက်မှတ်ဝယ်စီးနိုင်ပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

အွန်လိုင်းပေါ်ကနေ လက်မှတ် ကြိုဝယ်ထားမယ်ဆိုရင်လည်း ကိုယ်ဝယ်ထားတဲ့ ကားလိုင်းရဲ့ ကောင်တာမှာ Physical Ticket ကို ထုတ်ယူနိုင်ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေကို သွားမယ့်သူတွေကတော့ ကားဝင်းအဆောက်အဦးထဲ ဝင်ပြီး တတိယထပ်ကို ဓါတ်လှေခါးနဲ့ တက်သွားနိုင်ပါတယ် ၊ တတိယထပ်က လက်မှတ်အရောင်းကောင်တာတွေဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသက မြို့တွေအတွက် လက်မှတ် ဝယ်ယူနိုင်မယ့်နေရာ ဖြစ်ပါတယ်။

 

၂ . Food Center ၊ Cafe
ကားဝင်းထဲမှာ ကော်ဖီ ၊ အအေးသဖြင့် ရောင်းချတဲ့ ကော်ဖီဆိုင်အသေးလေးတွေ ရှိသလို ၊ စားသောက်ဆိုင် အချို့လည်း ရှိပါတယ် ။ ဒါ့အပြင်လည်း ကားဝင်းရဲ့ ထောင့်ဖက်တွေတိုင်းမှာ Food Center တွေ ရှိနေတာမို့ ရွေးချယ်စရာ အစားအစာ စုံလင်ပြီး ၊ စျေးနှုန်းအားဖြင့်လည်း သက်သာပါတယ်။ Food Center တွေကို မြေညီထပ်နဲ့ တတိယထပ်မှာ တွေ့နိုင်ပါတယ်။

၃. Stores
လိုအပ်တာတွေ ဝယ်ယူဖို့အတွက်လည်း 7-Eleven ဆိုင်ဟာ အထပ်တိုင်းမှာ ရှိနေပြီး ၊ ခရီးသွားတဲ့အခါ လိုအပ်မယ့် ခရီးဆောင်အိတ်အပါအဝင် အခြားသော အသုံးအဆောင်ပစ္စည်း အမျိုးမျိုးရောင်းချတဲ့ ဆိုင်တွေလည်း ရှိသလို ၊ ဖုန်းအပို ပစ္စည်းရောင်းတဲ့ဆိုင် တွေထိပါ ရှိတာကို တွေ့ရပါတယ်။

၄ . အခြား

ကားဝင်းရဲ့ ခရီးသည်စောင့်ဆိုင်းနေရာတွေမှာ ဖုန်းအားသွင်းဖို့ နေရာတွေ စီစဉ်ပေးထားတာမို့ အတော်လေး အဆင်ပြေပါတယ်။

ခရီးဆောင်အိတ်အကြီးကြီးတွေ နေရာတကာသယ်မသွားချင်သူတွေအတွက် ခရီးဆောင်အိတ် အပ်ခဲ့လို့ ရမယ့် နေရာမျိုးလည်း ရှိပါတယ်။

ထိုင်းဘဏ်တွေရဲ့ ATM ငွေထုတ်စက်တွေကိုလည်း အလွယ်ကူရှာဖွေတွေ့ ရှိနိုင်တာမို့ ခရီးသွားမယ့်သူတွေအတွက် အတော်လေးကို အဆင်ပြေတဲ့ ကားဝင်းပါ။

ကားဝင်းကို ဘယ်လို နည်းလမ်းတွေနဲ့ သွားနိုင်မလဲ ?
1. MRT Blue Line – Mochit ကားဝင်းနဲ့ အနီးဆုံး MRT Blue Line (အပြာလိုင်း) ဘူတာကတော့ Kamphaeng Phet ဘူတာဖြစ်ပြီးတော့ ဒီနေရာကနေ ဆိုက်ကယ်တက်စီ ၊ တက်စီ အစရှိသဖြင့် ဌားစီးသွားလို့ ရပါတယ် ၊ ဘူတာကနေ ကားဝင်းနေရာကို 2KM ခန့်ပဲ ကွာဝေးပါတော့တယ် ၊ Chatuchak Park ဘူတာမှာ ဆင်းပြီး တက်စီ ၊ ဆိုက်ကယ်တက်စီနဲ့ ဆက်သွားလို့လည်း ရသလို ဘူတာအပြင်ဖက်ကနေ လိုင်းကားစောင့်စီးလို့လည်း ရပါတယ်။
2. BTS Green Line – Mochit ကားဝင်းနဲ့ အနီးဆုံး BTS Green Line (အစိမ်းလိုင်း) ဘူတာကတော့ Mochit ဘူတာပဲ ဖြစ်ပါတယ် ၊ ဒီဘူတာကနေ ကားဝင်းကို ဆိုက်ကယ်တက်စီ ၊ တက်စီ အစရှိသဖြင့် ဌားစီးပြီးသွားလို့ ရသလို ၊ ဘူတာအောက်ဖက်က လိုင်းကားဂိတ်ကနေလည်း လိုင်းကားစောင့်စီးပြီး ဆက်သွားလို့ ရပါတယ်။
3. လိုင်းကား – Mochit ကားဝင်းကို ရောက်တဲ့ လိုင်းကားတွေ အများကြီးပဲ ရှိပါတယ် ၊ ကိုယ်နေထိုင်ရာ နေရာကနေ ဘယ်ကားစီးလို့ အဆင်ပြေမယ်ဆိုတာကို Via Bus ဆိုတဲ့ App ကနေ တစ်ဆင့် ကြည့်နိုင်ပါတယ် ၊ Mochit ကို ရောက်တဲ့ ကားလိုင်းတစ်ချို့ရဲ့ ပုံကိုလည်း အခု ပို့စ်မှာ တွဲလျှက် ဖော်ပြပေးထားပါတယ် ၊ ဒွန်မောင်း (Don Mueange ) လေဆိပ်ကနေဆိုရင် Mochit ကားဝင်းကို လိုင်းကားနံပါတ် “A1” ကို စီးပြီး တိုက်ရိုက်သွားနိုင်ပါတယ်။

ကားလက်မှတ်ဘယ်လို ဝယ်မလဲ ?
ကားလက်မှတ်တွေကိုတော့ အွန်လိုင်းကနေလည်း ကြိုဝယ်လို့ရသလို ကားဝင်းရောက်တဲ့အခါမှလည်း ဝယ်လို့ ရပါတယ် ။ အွန်လိုင်းကကြိုဝယ်တဲ့အခါ ကိုယ်စီးချင်တဲ့ ကားလိုင်း ၊ ခုံနေရာကို ကြိုတင်ရွေးဝယ်လို့ ရတာမို့ ပိုပြီးတော့ အဆင်ပြေပါတယ် ။ ထိုင်းနိုင်ငံတွင်း ကားလက်မှတ်တွေ ဝယ်ယူချင်ရင် ကျွန်တော့်ရဲ့ ပေ့ချ်ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်။

ကားစီးတဲ့အခါ မြန်မာနိုင်ငံနဲ့ ကွာခြားချက်

ထိုင်းနိုင်ငံမှာ အဝေးပြေးကား စီးရတဲ့ပုံစံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အနည်းငယ် ကွာခြားပါတယ် ၊ ကားဝင်းထဲမှာ ယာဉ်လိုင်းတစ်ခုချင်းအလိုက် ရပ်နားတဲ့ နေရာမရှိပဲ ၊ ကားတွေဟာ ပလက်ဖောင်းနံပါတ်အလိုက် ရပ်နားပြီး ခရီးသည်တင်ကြပါတယ် ၊ ဒါကြောင့် ကားလက်မှတ်အရောင်းကောင်တာက ထုတ်ပေးလိုက်တဲ့ လက်မှတ်မှာ ကိုယ် ကားစီးရမယ့် ပလက်ဖောင်းနံပါတ်ကို ကြည့်ပြီး ပလက်ဖောင်းနံပါတ်အတိုင်း စောင့်စီးရမှာ ဖြစ်ပါတယ် ၊ စီးရမယ့် ကားတွေဟာ ကားစီးချိန်မတိုင်မှီ မိနစ် ၂၀ ခန့်အလိုမှသာ စီးရမယ့် ပလက်ဖောင်းမှာ လာရောက်ရပ်နားပြီး ခရီးသည်အတင်အချ ပြုလုပ်လေ့ ရှိပါတယ်။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *