ဘန်ကောက်ကနေ ကန်ချနပူရီကို ဘယ်လိုနည်းလမ်းတွေနဲ့ သွားလို့ ရသလဲ ?
ထိုင်းနိုင်ငံကို အလည်လာကြပြီဆိုရင် ဘန်ကောက်ကနေ (၃) နာရီခရီးလောက်ပဲ သွားရတဲ့ ကန်ချနပူရီဖက်ကိုလည်း အလည်သွားတတ်ကြပါတယ် ၊ ကန်ချနပူရီကို နေ့ချင်းပြန်ခရီးအဖြစ် လည်ပတ်လို့ အဆင်ပြေသလို ၊ ညအိပ်ခရီးစဉ်တွေစီစဉ်ပြီး သွားမယ်ဆိုလည်း သင့်တော်ပါတယ် ။
ကန်ချနပူရီနေ့ချင်းပြန်ခရီးစဉ်
ဘန်ကောက်ကနေ ကန်ချနပူရီကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် သွားမယ်ဆိုရင်တော့ Public Transport တွေနဲ့ သွားတာက အဆင်မပြေနိုင်ပါဘူး ၊ ဘာကြောင့်လဲဆိုတော့ အသွား (၃ ) နာရီ အပြန် (၃) နာရီလောက် အချိန်ပေးရမှာ ဖြစ်ပြီး ၊ ကန်ချနပူရီကို ရောက်တဲ့အခါမှာလည်း လည်ဖို့ ပတ်ဖို့ ကိုယ့်ဘာကို ထပ်စီစဉ်ရမှာမို့ အလည်အပတ်အတွက် အချိန်ကျန်မှာ မဟုတ်ပဲ စိတ်ပန်းလူပန်းနဲ့ ခရီးမထွင်နိုင်ပါဘူး ၊ အဲ့ဒီတော့ ဘန်ကောက်ကနေ နေ့ချင်းပြန်အတွက် တစ်ရက်တာ ကားငှါးသွားတာ ဒါမှမဟုတ် Join Tour တွေနဲ့ လိုက်သွားတာက ပိုပြီးတော့ သင့်တော်ပါတယ်။
ကန်ချနပူရီမှာ ညအိပ်ခရီးစဉ်တွေ စီစဉ်ပြီးတော့ သွားမယ်ဆိုရင်တော့ ဘန်ကောက်ကနေ ကန်ချနပူရီကို ရထားနှင့် ဖြစ်စေ လိုင်းကားနှင့် ဖြစ်စေ သွားနိုင်ပါတယ် ။
ကားလက်မှတ်များ ဝယ်ယူရန်
Powered by 12Go system
ကန်ချနပူရီကို ရထားဖြင့် သွားခြင်း
ဘန်ကောက်ကနေ ကန်ချနပူရီအထိကို ရထားစီးပြီးသွားလို့ရပါတယ် ၊ ဒါပေမယ့် Hua Lamphong ဘူတာ ၊ Krung Thep Aphiwat (Bang Sue ) ဘူတာတို့ကနေ စီးလို့ မရပါဘူး ၊ ကန်ချနပူရီ သွားတဲ့ရထားတွေက ဘန်ကောက်မြို့ရဲ့ကျောက်ဖယားမြစ်တစ်ဖက်ကမ်း Thon Buri ဆိုတဲ့ ဘူတာကနေ စထွက်ပါတယ်။
ကန်ချနပူရီကို သွားတဲ့ရထားဟာ အခုလိုမျိုး ဘန်ကောက်ရဲ့ မြို့ထဲပိုင်း ဘူတာတွေကနေ စတင်ထွက်ခွာတာ မဟုတ်ပဲ မြို့ပြင်ဖက်က Thon Buri ဘူတာကနေ စတင်ထွက်ခွာတာမို့ ခရီးသွားတွေအနေနဲ့ အသုံးပြုတာလည်း နည်းပါတယ်။
Bangkok to Kanchanaburi
ရထားချိန်တွေကတော့ ဘန်ကောက် (Thon Buri ) ဘူတာကနေ မနက် (၇ ) နာရီ (၄၅ ) မိနစ်ထွက်တဲ့ ရထားဟာ ကန်ချနပူရီကို မနက် (၁၀ ) နာရီ ( ၂၅ ) မိနစ်မှာ ရောက်မှာဖြစ်ပါတယ် ။ ဒီနောက်မှာ ရထားက နာမည်ကြီးတဲ့ အထင်ရနေရာတွေဖြစ်တဲ့ River Kwai Bridge ၊ သေမင်းတမန်တောင်ကြားတို့ကို ဖြတ်ပြီးတော့ ခရီးဆုံးဘူတာဖြစ်တဲ့ Nam Tok ကို နေ့လည် (၁၂ ) နာရီ (၃၀ ) မိနစ်မှာ ရောက်ပါမယ်။
ဘန်ကောက် (Thon Buri) ဘူတာကနေ နေ့လည် (၁ ) နာရီ (၅၅ ) မိနစ်မှာ ထွက်တဲ့ ရထားဟာ ကန်ချနပူရီကို ညနေ (၄ ) နာရီ (၂၄) မိနစ်မှာ ရောက်မှာဖြစ်ပြီးတော့ ခရီးဆုံးဘူတာဖြစ်တဲ့ Nam Tok ကို ည (၆ )နာရီ (၁၀) မိနစ်မှာ ရောက်ပါမယ် ။ ကန်ချနပူရီကို ဘန်ကောက်ကနေ အခု ကျွန်တော် ဖော်ပြခဲ့တဲ့ ရထား (၂ ) စီးပဲ ရှိပါတယ် ၊ ရထားတွေက နေ့စဉ်ရှိပါတယ်။
Kanchanaburi to Bangkok
ကန်ချနပူရီကနေ ပြန်ထွက်တဲ့ ရထားအချိန်စာရင်းကတော့ Nam Tok ကနေ ရထားဟာ မနက် (၅ ) နာရီ မိနစ် (၂၀ )မှာ ထွက်လာပြီး ၊ ကန်ချနပူရီဘူတာကို မနက် (၇ ) နာရီ (၁၉ ) မိနစ်မှာ ရောက်မှာ ဖြစ်ပါတယ် ။ ခရီးဆုံးဘူတာဖြစ်တဲ့ Thon Buri ဘူတာကိုတော့ မနက် (၁၀) နာရီ (၂၅) မိနစ်မှာ ရောက်ပါမယ်။
Nam Tok ကနေ နေ့လည် ( ၁၂ ) နာရီ (၅၅) မိနစ်မှာ ထွက်မယ့် ရထားနောက်တစ်စီးဟာ ကန်ချနပူရီကို နေ့လည်(၂) နာရီ (၂၈ ) မိနစ်မှာ ရောက်မှာ ဖြစ်ပြီးတော့ ဘန်ကောက်က Thon Buri ဘူတာကိုတော့ ညနေ (၅) နာရီ မိနစ်(၄၀) မှာ ရောက်ပါမယ်။
ရထားစီးခနှုန်းထားကတော့ နိုင်ငံခြားသားတွေအတွက် တစ်ယောက်ကို ဘတ် (၁၀၀) ကျသင့်မှာ ဖြစ်ပါတယ် ။ ထိုင်းလူမျိုးတွေကတော့ ၂၅ ဘတ်ပဲ ကျသင့်မှာ ဖြစ်ပါတယ် ။ ( ထိုင်းနိုင်ငံမှာ ရထားလမ်းကြောင်းများစွာ ရှိတဲ့ထဲက ကန်ချနပူရီလမ်းကြောင်းတစ်ခုထဲကပဲ နိုင်ငံခြားသားအတွက် သီးသန့်ဈေးနဲ့ ရထားလက်မှတ်ခ ကောက်ခံပါတယ် ၊ အခြားရထားလမ်းကြောင်းခရီးစဉ်တွေကတော့ ဈေးအတူတူပါပဲ)
** လက်မှတ်ကြိုတင်မရောင်းပါ ၊ ခရီးသွားမယ့်ရက်မှ ဘူတာမှာ လက်မှတ်တစ်ခါတည်း ဖြတ်ပြီး တက်စီးလို့ ရပါတယ် **
ကန်ချနပူရီကို လိုင်းကားဖြင့် သွားခြင်း
ကန်ချနပူရီကို လိုင်းကားစီးပြီးတော့လည်း အလွယ်တကူ သွားနိုင်ပါတယ် ၊ ဘန်ကောက်ကနေ ကန်ချနပူရီကို သွားတဲ့ ကားလိုင်းတွေ အများအပြား ရှိသလို ၊ ကားစီးနိုင်တဲ့နေရာတွေလည်း အများအပြားရှိပါတယ် ၊ ကားအများစုကတော့ Mochit Bus ကားဝန်းနဲ့ Sai Tai Mai Bus ကားဝန်း ၂ ခုကနေ ထွက်ကြပါတယ်။
ကန်ချနပူရီဟာ ဘန်ကောက်ကနေ ၂ နာရီခွဲ ၃ နာရီခန့်သာ စီးရတာမို့ ကန်ချနပူရီအတွက် ပြေးဆွဲတဲ့ လိုင်းကားတွေဟာလည်း Mini Bus နဲ့ Van တွေပဲ ဖြစ်ကြပါတယ် ၊ ကားတွေဟာ မနက် ၄ နာရီကနေ ည ၈ နာရီခန့်ထိ တစ်နေကုန်ပြေးဆွဲကြပါတယ် ။ ဘန်ကောက်က သွားတဲ့ ကားတွေအားလုံးလိုလိုဟာ ကန်ချနပူရီ ကားဝန်းမှာ ရပ်နားကြပြီး ကန်ချနပူရီမှာ မိမိဆက်သွားလိုတဲ့ နေရာတွေကို မိမိအစီအစဉ်နဲ့ ဆက်သွားရမှာ ဖြစ်ပါတယ်။
ကားခအနေနဲ့ကတော့ ဘတ် (၁၅၀ ) ခန့် ကျသင့်မှာ ဖြစ်ပါတယ် ။ တစ်ခုသတိထားရမှာက ထိုင်းနိုင်ငံက Van ကားနဲ့ Mini Bus တွေဟာ Luggage အကြီးတွေ ပါလာခဲ့ရင် ခရီးသည်ဆီက အပိုကြေး ကောက်ခံပါတယ် ၊ ဒါဟာ နိုင်ငံခြားသားမို့ ဂျင်းထည့်တာမျိုးမဟုတ်ပဲ ခရီးသည်တိုင်း ပေးကြရတာပါ ၊ ကားလက်မှတ်တွေကို ခရီးသွားမယ့် ရက်မှ ကားဝန်းမှာ လက်မှတ်ဖြတ်ပြီး တစ်ခါတည်းစီးလို့ ရသလို ၊ အွန်လိုင်းကနေလည်း ကြိုဝယ်ထားလို့ရပါတယ် ၊ ကန်ချနပူရီသွားတဲ့ကား အများကြီးရှိတာမို့ ပွဲတော်ရက်တွေ မဟုတ်ရင် အွန်လိုင်းက လက်မှတ် ကြိုဝယ်ထားရလောက်အောင် ကားမရှားပါဘူး။
ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1
ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1
ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1
သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/
လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Discover more from Thu Do Something
Subscribe to get the latest posts sent to your email.