ဖူးခက်လေဆိပ်ကနေ ဖူးခက်မြို့ထဲနဲ့ ကမ်းခြေတွေကို လိုင်းကားနဲ့ ဘယ်လိုသွားမလဲ ?

ဖူးခက်လေဆိပ်ကနေ ဖူးခက်မြို့ထဲနဲ့ ကမ်းခြေတွေကို လိုင်းကားနဲ့ ဘယ်လိုသွားမလဲ ?

ဖူးခက်မြို့ကို အလည်သွားလို့ ရတဲ့ နည်းလမ်းတွေထဲမှာ လေယာဉ်နဲ့ ခရီးသွားတာက စျေးသက်သာပြီး အချိန်ကုန် သက်သာပါတယ် ၊ ဒါပေမယ့် ဖူးခက်လေဆိပ်ဟာဆိုရင် ဖူးခက်မြို့ထဲဧရိယာ (Old Town) နဲ့ ဖူးခက်က ကမ်းခြေတွေဖြစ်တဲ့ Patong Beach , Karon Beach နဲ့ Kata Beach တို့လို ထင်ရှားတဲ့ ကမ်းခြေတွေအပါအဝင် အခြားကမ်းခြေတွေကို ကားနဲ့သွားမယ်ဆိုရင် အနည်းဆုံး ၄၅ မိနစ်လောက် သွားရပါတယ်။

ဖူးခက်လေဆိပ်ကနေ ခရီးသွားတွေ အတည်းများတဲ့ Old Town နဲ့ ကမ်းခြေနေရာတွေကို Taxi ဌားပြီးသွားမယ်ဆိုရင် နေရာအကွာအဝေးပေါ်မူတည်ပြီးတော့ ဘတ် ၅၀၀ ကနေ ၁၀၀၀ လောက်ထိ ကျသင့်နိုင်ပါတယ် ။ လူများရင်တော့ Taxi ဌားစီးရတာ တန်ပေမယ့် လူနည်းရင်တော့ စျေးကြီးတယ်လို့ ဆိုနိုင်ပါတယ် ။ ဒါပေမယ့်လည်း ဖူးခက်လေဆိပ်ကနေ စျေးသက်သက်သာသာနဲ့ သွားချင်သူတွေအတွက် လိုင်းကားတွေရှိပါတယ်။

ဖူးခက်လေဆိပ်မှာ လိုင်းကားအနေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း သုံးလိုင်းရှိပါတယ် ။ အဲ့ဒီ ယာဉ်လိုင်း သုံးလိုင်းကတော့-

Route 1 (Smart Bus)
Route 2 (Airport to Town)
Route 3 (Airport Bus Express) တို့ပဲ ဖြစ်ပါတယ်။

Route 1

Route 1 မှာ ပြေးဆွဲတဲ့ ကားတွေကတော့ Phuket Smart Bus လို့ ကားမှာ ရေးထားတဲ့ အဲကွန်းကားအကြီးတွေပဲ ဖြစ်ပါတယ် ။ ဒီကားကတော့ လေဆိပ်ကနေ ဖူးခက်ကျွန်းပေါ်က ထင်ရှားတဲ့ ကမ်းခြေတွေဖြစ်တဲ့ Surin ကမ်းခြေ ၊ Kamala ကမ်းခြေ ၊ Patong ကမ်းခြေ ၊ Karon ကမ်းခြေ ၊ Kata ကမ်းခြေနဲ့ Rawai ကမ်းခြေတို့ဆီရောက်ပါတယ်။ ဒါကြောင့်မို့ ကိုယ်က အခုကမ်းခြေတွေနဲ့ အနီးတဝိုက်မှာ တည်းဖို့ စီစဉ်ထားတာဆိုရင် ဒီကားစီးဖို့ အဆင်ပြေပါတယ်။

Route 2

Route 2 မှာ ပြေးဆွဲတဲ့ကားတွေကတော့ အဲကွန်းကားတွေ ဖြစ်ပြီး ၊ လိမ္မော်ရောင်ကားတွေ ဖြစ်ပါတယ်။ ဒီကားရဲ့ လမ်းကြောင်းကတော့ ဖူးခက်လေဆိပ်ကနေ Phuket Old Town လို့ သိကြတဲ့ မြို့ထဲပိုင်းဧရိယာဖြစ်ပြီး ဖူးခက်ကားဝန်းမှာ ဂိတ်ဆုံးပါတယ် ။ ဒါကြောင့်မို့ ကိုယ်က Phuket Old Town မှာ တည်းဖို့ စီစဉ်ထားတာဆိုရင် ဒီကားစီးဖို့ အဆင်ပြေပါတယ်။

ကားလက်မှတ်များ ဝယ်ယူရန်

Powered by 12Go system

Route 3

Route 3 မှာ ပြေးဆွဲတဲ့ ကားတွေကတော့ အဖြူရောင် Minibus ကား အသေးတွေ ဖြစ်ပါတယ်။ ဒီကားကတော့ နာမည်အကြီးဆုံး ကမ်းခြေတွေဖြစ်တဲ့ Patong , Karon နဲ့ Kata ကမ်းခြေတို့ကို ရောက်တဲ့ ကားဖြစ်ပါတယ် ၊ ကားက Kata ကမ်းခြေမှာ ဂိတ်ဆုံးပါတယ်။ ဖော်ပြထားတဲ့ ကမ်းခြေတွေဖက်မှာ တည်းဖို့ စီစဉ်ထားတယ်ဆိုရင် ဒီကားစီးဖို့ အဆင်ပြေပါတယ်။

ကားဘယ်နားက စီးရမလဲ

ဖူးခက်မှာ လေယာဉ်ဆိုက်တဲ့အခါ ကားစီးရမယ့် ကားဂိတ်နေရာကို Domestic Arrival (ပြည်တွင်း ဆိုက်ရောက်) နေရာကနေ အလွယ်တကူ လမ်းလျှောက်ပြီး သွားနိုင်ပါတယ် ၊ ကားဂိတ်ရှိရာ နေရာကို သွားဖို့ လမ်းညွှန်ဆိုင်းဘုတ်တွေ ပြထားပြီး ၊ ပြည်တွင်း ဆိုက်ရောက်နေရာရဲ့ အပြင်ဖက်မှာ ကားဂိတ်ရှိတယ်လို့ ဆိုနိုင်ပါတယ် ။ International Arrival (ပြည်ပဆိုက်ရောက်) နေရာကနေတော့ ကားဂိတ်နေရာကို အနည်းငယ်လှမ်းတယ်လို့ ဆိုနိုင်ပါတယ်။

ကားအချိန်

Route 2 နဲ့ Route 3 ကတော့ တစ်နာရီခြားတစ်စီးနှုန်းနဲ့ ပြေးဆွဲနေတာဖြစ်ပြီး Route 1 ဖြစ်တဲ့ Phuket Smart Bus ကတော့ နာရီဝက် ၊ ၄၅ မိနစ်ကနေ တစ်နာရီခြား တစ်စီး ထွက်တာမျိုး ရှိပါတယ် ။ ဖူးခက်လေဆိပ်ကနေ ထွက်တဲ့ ကားအချိန်စာရင်းကို ကျွန်တော် ပုံလေးနဲ့ တင်ထားပေးပါတယ် ၊ Download လုပ်​ပြီး သိမ်းထားနိုင်ပါတယ်။

ကားခနှုန်းထား

ကားခကတော့ ဘယ်လိုင်းကိုပဲ စီးစီး ကားခဟာ ပုံသေ ၁၀၀ ဘတ် ဖြစ်ပါတယ်။

လက်မှတ်ဘယ်လိုဝယ်ရမလဲ

ကားပေါ်မှာ ယာဉ်နောက်လိုက် ပါပါတယ် ၊ ယာဉ်နောက်လိုက်ကို ယာဉ်စီးခပေးပြီးတော့ စီးရုံပါပဲ ၊ ယာဉ်နောက်လိုက်မပါတဲ့ ကားမျိုးတွေဆိုရင်လည်း ယာဉ်မောင်းကို ကားခပေးစီးလို့ ရပါတယ် ၊ ကြိုတင်လက်မှတ် ဖြတ်ထားဖို့ မလိုပါဘူး ။

ကားစီးရချိန်

လိုင်းကားဖြစ်တာမို့ ကားတွေဟာ သူ့သတ်မှတ် လမ်းကြောင်းအတိုင်းပဲ သွားတာမို့ သွားလိုတဲ့ နေရာကို ရောက်ဖို့ ပုံမှန်ထက် အချိန်ပိုကြာကြာစီးရပါတယ် ၊ လေဆိပ်ကနေ ဖူးခက်မြို့ထဲပိုင်းကို ရောက်ဖို့ ၄၅ မိနစ်ကနေ တစ်နာရီခန့် စီးရမှာ ဖြစ်ပြီး ၊ ထင်ရှားတဲ့ ကမ်းခြေဖြစ်တဲ့ Patong ကမ်းခြေကိုရောက်ဖို့ အနည်းဆုံး တစ်နာရီကနေ တစ်နာရီခွဲလောက်စီးရမှာ ဖြစ်ပါတယ်။

မြို့ထဲပိုင်းမှာ ကားဂိတ်ကို ဘယ်လိုရှာမလဲ

မြို့ထဲ ဒါမှမဟုတ် ကမ်းခြေဖက်တွေကနေ ကားပြန်စီးဖို့ ကားဂိတ်နေရာကို ဘယ်လိုရှာရမလဲ ဆိုရင်တော့ ကားမှတ်တိုင် Bus Stop ဆိုပြီးတော့ ကားမှတ်တိုင်လေးတွေ လုပ်ထားပေးပါတယ် ၊ မှတ်တိုင်နေရာမှာ ကားအချိန်စာရင်း (Timetalbe) နဲ့ စီးနိုင်မယ့် ကားကိုလည်း ဖော်ပြထားပါတယ် ။ ဒါ့အပြင် Google Map ကနေလည်း ကိုယ်နဲ့နီးစပ်ရာ ကားမှတ်တိုင်တွေကို အလွယ်တကူရှာနိုင်ပါတယ်။ Map ထဲမှာ ကားပြေးဆွဲတဲ့ လမ်းကြောင်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။

လိုင်ကားစီးရင် အခြား သိထားသင့်တာလေးတွေ

– ဖူးခက်လေဆိပ်ကနေ ကမ်းခြေနဲ့ မြို့ထဲဧရိယာတွေဟာ အလှမ်းဝေးပြီး Taxi ခ စျေးကြီးပါတယ် ၊ Bus ကားကတော့ တစ်ယောက်ကို ဘတ် ၁၀၀ ကျသင့်တာမို့ အတော်ကြီးကို စျေးသက်သာတယ်လို့ ဆိုနိုင်ပါတယ် ၊ ဒါပေမယ့် လိုင်းကားဖြစ်တာမို့ လမ်းတစ်လျှောက် သူရပ်ရမယ့် မှတ်တိုင်တွေမှာ ကားရပ်မှာ ဖြစ်ပြီး ၊ ပြေးဆွဲဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ ကားကို ပြေးဆွဲတာမို့ ကားစီးရချိန်ကတော့ တက္ကစီစီးတာထက် ပိုပြီးတော့ ကားစီးရချိန် ကြာပါမယ် ၊
– ဒါ့အပြင် လိုင်းကားဖြစ်တာမို့ ထိုင်ခုံတွေမှာ နေရာပြည့်ရင် မက်တပ်ရပ်ပြီး စီးရနိုင်ပါတယ် ၊
– အထုပ်အပိုးသယ်ဖို့အတွက်ကတော့ Luggage Storage အတွက် ကားပေါ်မှာ နေရာတွေ ရှိပြီးသားဖြစ်တာကြောင့် စိတ်ပူစရာမရှိပါဘူး ။
– သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ ပြေးဆွဲတာမို့ ကားရပ်ပေးတဲ့နေရာကနေ ဟိုတယ်က အလှမ်းဝေးတယ်ဆိုရင် လမ်းလျှောက်သွားရတာ ၊ တက္ကစီထပ်ဌားရတာမျိုးတော့ ရှိနိုင်ပါတယ်။
– အခုကားတွေက လေဆိပ် အသွားအပြန်လုပ်ဖို့တင်မဟုတ်ပဲ ကားလိုင်းနဲ့ လမ်းကြောသင့်တဲ့နေရာတွေကို သွားဖို့အတွက်လည်း စီးနိုင်ပါတယ်
– ကားလိုင်းတွေက တစ်နာရီခြားမှ တစ်စီးခန့်သာ ထွက်တာမို့ ကားရှားတယ်လို့ ဆိုနိုင်ပါတယ်

ဖူးခက်လေဆိပ်ကို ရောက်တဲ့ လိုင်းကားတွေဟာ စျေးနှုန်းအားဖြင့် သက်သာပြီး သက်သောင့်သက်သာရှိတာမို့ ဖူးခက်ကို အလည်သွားချိန် အသုံးစားရိတ် ချွေတာချင်သူတွေ အတွက်တော့ အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်ဗျ ။

ထိုင်းနိုင်ငံအတွင်း ဟိုတယ်များ ဌားရမ်းလိုပါက
https://www.trip.com/t/oRNF4ha1mW1

ထိုင်းနိုင်ငံအတွင်း လေယာဉ်လက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/IBRRpKk1mW1

ကစားကွင်းလက်မှတ်များ ဝယ်ယူလိုပါက
https://www.trip.com/t/eUZPRZm1mW1

သိလိုတာများ မေးမြန်းရန် FB Page ကို ဆက်သွယ်လိုပါက
https://www.facebook.com/Thudosomething/

လက်မှတ်များဝယ်ယူခြင်း ၊ Hotel/Flight Booking များပြုလုပ်ရာတွင် ငွေချေရန် အခက်အခဲရှိပါက ကျွန်တော့် Facebook Page ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Discover more from Thu Do Something

Subscribe to get the latest posts sent to your email.

Leave a Reply

Your email address will not be published. Required fields are marked *